Monday, January 28, 2013

Android OS ဖုန်းများတွင် Hard Brick ဖြေရှင်းနည်း

လက်ရှိ ပြည်တွင်းတွင် အသုံးပြုလျက် ရှိသော Android OS ဖုန်းများတွင် Hard Brick ဖြစ်ခြင်း၊ Soft Brick ဖြစ်ခြင်းများ အပြင် Super Brick ဖြစ်ခြင်းများ ပါရှိ လာခဲ့ပြီး ယင်းသို့ Super Brick ဖြစ်လာ ပါက Manipulated Partition စနစ်ဖြင့် ပြုလုပ် ဖြေရှင်း ပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
ယင်းကဲ့သို့ Super Brick အခြေအနေထိ ဖြစ်ရခြင်းမှာ မိုဘိုင်းဖုန်း အသုံးပြု သူများ အနေဖြင့် မိမိတို့၏ ဖုန်းများကို မကြာခဏ Firmware Version အတင်အချ ပြုလုပ်ခြင်း၊ မကြာခဏ Rooting ပြုလုပ်ခြင်း များကြောင့်လည်း ဖြစ်နိုင်သည့် အပြင် ROM မှ လက်မခံသော Application နှင့် အခြား Firmware များ မှားယွင်း ထည့်သွင်းခြင်း များကြောင့်လည်း ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းနှင့် ပတ်သက်၍ X-Code မိုဘိုင်းဖုန်း သင်တန်းကျောင်းနှင့် မိုဘိုင်းဖုန်း အရောင်းဆိုင်မှ ကျွမ်းကျင်သူ ကိုပြည့်ဖြိုးက ပြောပြရာတွင် “ကျွန်တော်တို့ အရင်တုန်းက Android OS ဖုန်းတွေမှာ Soft Brick, Hard Brick ဆိုတာ လောက်ပဲ ရှိခဲ့ပေမယ့် ခုနောက်ပိုင်း မှာတော့ Super Brick ဆိုတာ တွေပါ ရှိလာ ခဲ့ပါပြီ။ Super Brick ဆိုတာ ကလည်း အရင် ကတည်းက ရှိပြီးသား ဖြစ်မှာပါ။ ဈေးကွက်ထဲမှာ ကျွမ်းကျင်သူက နည်းတဲ့ အတွက် ဒီလိုဖြစ်သွား ခဲ့တဲ့ ဖုန်းတွေမှာ ဘာမှ ပြန်လုပ်လို့ မရတော့ဘဲ လက်လျှော့ လိုက်ရတာ မျိုးတွေ ရှိခဲ့ပါတယ်။ ခုချိန်မှာတော့ ဒီလို အခြေအနေကို ဖြေရှင်းနိုင်မယ့် နည်းလမ်း ရှိလာပါပြီ။ Soft Brick ဆိုတာ ကတော့ ဖုန်းက ပါဝါဆက် မတတ်တော့ဘဲ Download Mode ပဲ ခေါ်လို့ရတဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ ဒီလို အခြေအနေ မျိုးမှာ ဆိုရင်တော့ အလွယ်တကူ ပြန်လုပ်လို့ ရပါတယ်။ Hard Brick ဆိုတာ ကတော့ ဖုန်းက Download Mode ပျောက်သွားပြီး ဘာမှ မပေါ်တော့တဲ့ အခြေအနေကို ခေါ်ပါတယ်။ ဒီလို အခြေအနေ မျိုးမှာ ဆိုရင် Android ရဲ့ ဆားကစ်ပိုင်းကို ခွာပြီး အသစ်ပြန်ဆွဲ ပေးရတဲ့ အခြေအနေထိ ရှိပါတယ်။ ခု Super Brick ဆိုတာ ကတော့ Download Mode ပေါ်ပြီး ဘာမှ လုပ်လို့ မတော့တဲ့ အခြေအနေ မျိုးကို ခေါ်တာပါ။ Soft Brick နည်းလမ်းရော Hard Brick နည်းလမ်း နဲ့ရော ဘယ်လိုမှ လုပ်လို့ မရတော့တာကို Super Bridge လို့ ခေါ်တာပါ” ဟု ပြောပြခဲ့သည်။ Super Brick အခြေအနေတွင် Download Mode ပေါ်နေသေး သော်လည်း Firmware ကို မည်သို့မှ ပြန်လည် ထည့်သွင်း၍ မရနိုင်တော့သော အခြေအနေထိ ဖြစ်နိုင်ကြောင်း သိရသည်။ ယင်းသို့ Super Brick အခြေအနေမျိုး ဖြစ်လာပါက ပြန်လည် ပြုလုပ်၍ ရနိုင်သော်လည်း ဖုန်းတွင်းရှိ မှတ်ဉာဏ် စနစ်ပိုင်း များတွင် ဆုံးရှုံးမှု အချို့ ရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ Android OS ဖုန်းများတွင် Super Brick အခြေ အနေမျိုး ဖြစ်လာပါက Manipulated Partition စနစ်ဖြင့် ပြုလုပ် နိုင်မည် ဖြစ်ပြီး ယင်းစနစ်ကို Linux OS Platform အား ကျွမ်းကျင်သူ များမှ ပြုလုပ်မည် ဆိုပါက Super Brick ဖုန်းများကို ပြန်လည် ကောင်းမွန် လာအောင် ပြုလုပ်နိုင်မည် ဖြစ်သော် လည်း  ဖုန်းတွင်း မှတ်ဉာဏ် စနစ်ပိုင်းတွင် တစ်ဝက်ခန့် ဆုံးရှုံး သွားနိုင်မည် ဖြစ်ကြောင်း ကိုပြည့်ဖြိုးက ထပ်မံ ပြောပြ ခဲ့သည်။
Ref : Myanmarinternetjournal

No comments:

Post a Comment